Showing posts with label poem. Show all posts
Showing posts with label poem. Show all posts

Monday, January 14, 2013

ညမိုက်

သီအိုရီတွေ ပျောက်တဲ့ည
အလှပတွေ တန်ဆာဆင်ရင်း
တိမ်ညိုအလွမ်း အလှမ်းကမသင့်
တစစ်စစ်နဲ့ ကောင်းကင်ကိုက်သံ
အမြင်မသန်ခြင်း တဒင်္ဂနှင့်
တစစဆုံးလို့ ချုန်းခဲ့တယ်
ပျောက်ဆုံးလု အပြုံးတစကို
ခပ်ဟဟ ရှိက်ထုတ်ရင်း
ငါ ... ကိုယ်တိုင်ဆန္ဒနဲ့
လေပြေမျှားခဲ့တဲ့ တံငါ
ခုတော့ ...
ကြယ်စင်တွေ အမြင်မှာပုန်း
အမှောင်အတိဖုန်း သံစဉ်အဆုံးထိ
ရင်မှာ ထိရင်းညိတွယ်
စိတ်မှာညိရင်း ထိလွယ်
ပြတ်ရှလွယ် ရုပ်သဏ္ဍာန်နဲ့
ဝဲလည်အတွေးကို ခဏရပ်ရင်း
ဂီတတစ နားထဲချလိုက်တယ်
ရှတတသံစဉ် ရင်ချည်တဲ့ကြိုး
one republic ရဲ့ စာချိုးမှာ
ရင်ကိုတည့်တည့်ထိတယ်
ဒီညမှ ... မိုးရွာလွန်းတယ် ... ။      ။

Saturday, May 5, 2012

စစ်မှန်စွာ တုပခြင်း

လမင်းရေ ...
နာကျင်နေတဲ့ အိပ်မက်မြစ်ဖျား
ပြီးတော့ သူ့ရဲ့အနားသတ်အဆုံး
ဘ၀ဆိုတဲ့ အသုံးနှုန်းမှာ
ပျော်ရွှင်စွာနဲ့ ကျဆုံးနေတယ် ...

လမင်းရေ ...
ရောခ့်သီချင်း ကြမ်းကြမ်းတွေ +++
ပန့်(ခ်)သီချင်း သွက်သွက်တွေ +++
အော်တာနေး(လ်)တစ် သံစဉ်တွေ +++
Death ဂီတရဲ့ သီချင်းတွေ +++
မြတ်နိုးကိုးကွယ် နမ်းရှိက်
ကန်လန့်တိုက်ချင်ခဲ့တဲ့စိတ်မှာ
တဆင့် ဆင့်နဲ့ အရစ်လျှော့
ခပ်ချာချာ ဟစ်ဟော့သီချင်းတချို့ကလွဲရင်
Rap သီချင်းဆိုရင်း စီးမျှော
ပျော်ရွှင်ခြင်းတွေ တမ်းမောတတ်နေပြီ ...

လမင်းရေ ...
ကဗျာပါးပါးလေးတွေ ရေးတဲ့
ပေါ့ပေါ့လေးတွေ တွေးတဲ့
အပျော်ပါးနဲ့ ပေါ့ပါးတတ်တဲ့ ... ငါ
ရောင်းတမ်းမ၀င်တဲ့ သမိုင်းစာမျက်နှာတွေ
ကျောင်းခန်းမသင်တဲ့ သမိုင်းစာမျက်နှာတွေ
ဇာတ်ပေါင်းခန်းမမြင်တဲ့ သမိုင်းစာမျက်နှာတွေဖတ် ...
နှစ်ဖက်အမြင် ဘေးကျပ်နံကျပ်မှာ
တတိယမျက်လုံးနဲ့ ပြုံးပျော်
တွေးခေါ်တတ်စ ပြုနေပြီ ...

လမင်းရေ ...
တချိန်ကဆို .... ငါလေ ....
မာဘိုရိုလ် ကြိုက်တယ် +++
ကော်ဖီ ကြိုက်တယ် +++
စရိုက်လည်း ကြမ်းတယ် +++
မင်းကိုလည်း လွမ်းတယ် +++
ပေါက်ကွဲလွယ်တယ် +++
လျှောက်လည်းလည်တယ် +++
အဆိပ်တောက်လည်း နှစ်ခြိုက်တယ် +++
သစ်ရွက်ခြောက်လည်း မီးမြိုက်တယ် +++
ငါ့ကိုယ်ငါထက် မင်းကိုချစ်တယ် +++
ခြေလှမ်းတိုင်းက မင်းအတွက်ဖြစ်တယ် +++
ချစ်ခဲ့တဲ့ညနေမှာ နစ်ခဲ့တာကြာခဲ့တယ် ...

တကယ်တော့ ငါဆိုတာ ...
ငါကိုယ်တိုင်ထက် ပိုမချစ်နိုင်တဲ့
မောဟပါးပါးနဲ့ အတ္တသမားတယောက်
နှလုံးသားက ညာဘက်ရောက်နေတယ် ... ။       ။

Monday, April 23, 2012

ဖိနပ်တဖက်

ဖိနပ်တဖက် ကြိုးစထွက်နေတယ်
ဖိနပ်တဖက် အောက်ခံပဲ့နေတယ်
ဖိနပ်တဖက် အရောင်လွင့်နေတယ်
ဖိနပ်တဖက် သက်တမ်းကုန်တော့မယ် ...

ဖိနပ်တဖက်မှာ ဘုံဆတိုးကိန်းမရှိဘူး
ဒြပ်စင်မဟုတ်သလို ဓါတ်ခွဲဖို့မလိုဘူး
အနင်းခံရပေမယ့် ငြင်းဆန်ခွင့်မရှိဘူး
နွေ... မိုး ... ဆောင်းနဲ့ မျှော်လင့်ချက်မရှိဘူး
တောလမ်း တောင်လမ်း ခွဲခြားစိတ်မရှိဘူး
တိုက်ပွဲကို ရှောင်လွှဲစိတ်မရှိဘူး
အခင့်အလို ငြိုငြင်ခွင့်မရှိဘူး ...

ဖိနပ်တဖက် +++
လင်းလက်တောက်ပစွာ
ကျယ်လောင်မြည်ဟည်းစွာ
ပြင်းထန်ပေါက်ကွဲစွာနဲ့
နှုတ်ဆက်ထွက်ခွာသွားတယ် ...

ဖိနပ်တဖက်
အစိမ်းရင့်ရင့် ကမ္ဘာမှာ
ရင်ကိုစွင့်ပြီး ရပ်ခဲ့တယ်
ယုံကြည်စွာ လျှောက်ခဲ့တယ်
အောင်မြင်မှုတွေ သယ်ခဲ့တယ်
တောနဲ့တောင်ကို လှေကားဟန်ပြု
အဆင့်တခုထိ ဂုဏ်ဝင့်ခဲ့တယ် ...

အခုမှ
ဖိနပ်တဖက် နားရက်ရသွားတယ်
မျက်နှာကျက်က ပန်ကာအိုနဲ့
မျက်ကွင်းညိုတို့ ညိတွယ်နေတယ်
ဂရုဏာနဲ့ မျက်ဝန်းတွေအကြား
ယုံကြည်ချက်တွေ ကျွမ်းလောင်နေတယ် ...

တချိန်က
ငါ့တန်း ငါ့လမ်း ငါ့စခန်းနဲ့
ငါရဲဝင့်လို့ ငါ့မာန်ချီခဲ့
မငိုလင့်နဲ့ ဖိနပ်လေးရေ ...

မင်း အတွက် ...
ငါဆိုတဲ့ သခင်
ငါ့ အတွက် ...
ငါ့ရဲ့ အရှင်
ငါ ... အသက်ရှင်နေသေးရဲ့
နှုတ်ဆိတ်စွာ ရင်ခြင်းထပ်
အနာဂတ်ရက်တွေ ကြေကွဲစွာနဲ့
လွတ်လပ်ခွင့်တခု ပြုလိုက်တယ် ...

သင်သွားလိုရာ သွားနိုင်တယ် ... ။      ။

Thursday, April 19, 2012

လက်ကျန်

ခြေတလှမ်း ရပ်လိုက်တယ်
လေဖမ်းလို့ ... ဒါန်းစီးလို့ ...
မြေလမ်းကထွေတခြမ်းစာ
မပြေတဲ့ ဇာတ်လမ်းကို
စွေတဲ့မိုးလို ရေမတိုးအောင်ရွာ
သေမယ့်အမျိုးဆိုတော့
ကြွေဦးမယ့် မနက်ဖြန်ရောင်ခြည်မှာ
ဆည်းဆာလိုတောက်ပ
မီးဇာကုန်လု ဆီမီးခွက်က
တရက်မက အလှပနဲ့စီးမျှော
ဇောအတန်တန် ကျန်ခဲ့ပြီ ... ။    ။ 

Sunday, April 15, 2012

စိတ်

တိတ်တိတ်ကလေးပါ
တမ်းတတေးနဲ့ တွေဝေ
လေတဲ့စိတ်က ထွေပြား
နေ့ကစားတဲ့ နေ
ညကစားတဲ့ လ
ဘ၀ကစားတဲ့ ခဏ
အတိတ်ရယ် ... စိတ်ရယ် ...
အရိပ်ရယ် ... အတွေ့ရယ် ...
နေ့ကွယ် ညရောက်
ညပျောက်တော့ နေ့လာ
ဘ၀မှာ ...
တွေးတော တမ်းတ တီးတိုးဆိုရင်း
တွေဝေတမ်းမော မျောနေတယ် .... ။     ။

Tuesday, April 10, 2012

ရသမှား

မနေ့က

အတိတ်တွေရဲ့ ဒဏ်ရာနာတရနဲ့
ခပ်ဟဟ စိတ်တံခါးတချပ်
ဖွင့်ဟဖို့ အနေကျပ်နေတယ် ...

ဒီကနေ့

ပစ္စုပ္ပန် ရှင်သန်ခြင်းနဲ့
တင်းကျပ်တဲ့ တံခါးချပ်
ရိုက်ချလို့ ဖွင့်လိုက်တယ် ...

မနက်ဖြန်

တင်ကျန်ရစ်မဲ့ အနာဂတ်မှာ
ပွင့်ဟလွန်းတဲ့ တံခါးချပ်
လေပြင်းထန်လို့ ရိုက်နေတယ် ...။     ။

Saturday, April 7, 2012

သ တိ ရ နေ တယ် . . . . .



တဖြည်းဖြည်း ဝေးလို့ ... လွင့်လို့ ... 
သစ်ရွက်ခြောက် တရွက်နဲ့ ကော်ဖီခွက်ကို မေးတင် 
ပုရွက်ဆိတ် တကောင်ရဲ့ အိပ်မက်ဟင်းလင်းပြင်က 
မိုနာလီဇာ မဟုတ်တဲ့ ထန်းလျှက်ခဲ 
ငါဆွဲနေတာ မင်းရဲ့ပုံတူ
မြင်နေရတဲ့ ငါရဲ့ စိတ်မျက်လုံးတစုံကလွဲရင် 
လူတိုင်းပြောတယ် မ .. တူ .. ဘူး  ! တဲ့   
လေပြေရဲ့တိမ်မျှင်မှာ .... မင်း 
ရူးသွပ်ခြင်း တွေလား ....?
ဟော .... 
တဖြည်းဖြည်း ဝေးလို့ ... လွင့်လို့ ... 
သ တိ ရ နေ တယ် . . . . . ။ ။

Friday, April 6, 2012

တမ်းချင်းမဲ့ ကဗျာ

ကဗျာမဟုတ်တဲ့ ကဗျာတပုဒ်ပါ ...
မျှော်လင့်ချက် ဆိုတာ
ဆံနွယ်စတွေရဲ့ ကကြိုးဆန်းနဲ့
ခေါင်းစဉ်မဟုတ်တဲ့ ခေါင်းစဉ်တခု
မြင်ပြင်းကပ်တဲ့ မိုးစက်တွေလည်း
ရင်ခုန်သံကို မအေးစက်စေဘူး
ရှတတ ခပ်ပြင်းပြင်း ကော်ဖီတခွက်

ရင်ခုန်သံ စည်းချက်တွေနဲ့
ရေမှုံလေးတွေ ပျံဝဲနေတယ် +++

ရနံ့ပါးပါး နှာသီးဖျားလေးက
မဖြေရက်ပေမယ့် မေးချင်ခဲ့တယ် +++

ပြဇာတ်ဆန်တဲ့ ဘ၀ပေမယ့်
မျက်ဝန်းထဲမှာ မြင်ယောင်တယ် +++

ကဗျာဖြစ်ခဲ့တယ် ... ။ ။

Thursday, February 23, 2012

ဘာသာပြန်ရန် မလိုပါ


ဆာလောင်နေတဲ့ မနက်ဖြန်တွေကို
ချွတ်နင်းဖြတ်သန်း လှမ်းကျော်ပြီးမှ
မနေ့ကလို ရပ်တန်းကရပ်
ကျပ်မပြည့်တဲ့ လက်တွေ့ဘဝက
မနေ့တနေ့ကို ပြန်တမ်းတ
ပျော်ရာမှန်းရင်း လမ်းပျောက်
တော်ရာလှမ်းရင်း ဗန်းမှောက်
အဖော်ရှာစမ်းရင်း ****
နောက်ဆုံးမရောက်ခင်မှာ ...
အိပ်တယ်၊ စားတယ်၊ အညှီကြိုက်တယ်
အဆင့်လိုက် တန်းရင်တော့
လူ့တစောက်ကန်း ငါက
သတ္တဝါထဲမှာ နံပါတ်ဝမ်း ...။ r ။

Wednesday, August 31, 2011

ဗလာနဲ့ကတဲ့ ဇာတ်

ဆာလောင်မှုဆိုတာ ...
အလင်းမှန်း မသိခင်ကတည်းက စတင်ခဲ့တာ
သွားမရှိခင်ကတည်းက စားတယ်
သွားရှိတော့ ၀ါးတယ်
ကြာကြာဝါးချင်တော့ အရိုးရှောင်
မရှောင်နိုင်ရင် အံကြိတ်လွေး
ပွေးရင်း ... ကျစ်ရင် ...
တွေးတောရင်း ... က
ရုတ်တရက် အမှောင်ကျသွားတယ် ... ။ ။

Tuesday, September 14, 2010

နောင်တဆန်သော တမ်းမောခြင်း

အဲဒီနေ့က
လေပွေမရိုက်ဘဲ ကတိုက်ကရိုက်ကြွေနေတဲ့
ကဗျာတွေ လမ်းမှာဝေနေတယ်...

အဲဒီနေ့က
ခဏလို့ဆို ပြိုမလိုမိုးထဲ
အပေါင်းကိုးဆယ် စံချိန်တင်ခဲ့တယ်။

အဲဒီနေ့က
ပ၀ါတကမ်း လက်မလှမ်းဘဲ
ခုံတတန်းထဲမှာ ဝေးခဲ့တယ်။

အဲဒီနေ့က
ရင်ခုန်သံတခြမ်း ဇာတ်လမ်းအစ
လမ်းမထက်မှာ ကျန်ခဲ့တယ်။

အဲဒီနေ့က
နှုတ်ဆက်စကား နှုတ်ဖျားကထွက်ကျ
ဘူတာရုံလမ်းခွဲက ဆွေးခဲ့တယ်။

အဲဒီနေ့က
မိုးစက်ပွင့်ဝေ မကြွေခဲ့ပေမယ့်
တို့နှစ်ယောက်ရင်မှာ ရေစိုခဲ့တယ်။

အဲဒီနေ့က
စီးဆင်းသွားတဲ့ ရေစီးကြောင်းမှာ
ရေစင်တစက် ငါဝှက်မိတယ်။

အဲဒီနေ့က အဲဒီနေ့မှာ ကျန်ခဲ့တယ်...။ ။

Friday, September 10, 2010

မှတ်တိုင်

အဲဒီနေ့က တံခါးဘောင် ကျိုးသွားတယ်
အကွပ်မဲ့ခြင်းက ငါ့ကို
လေစိမ်းတွေရဲ့ ရက်စက်မှုနဲ့
မိတ်ဆက်ပေးရင်း ညင်းဆဲတယ်
အလွမ်းတွေလည်း အတောင်ကျိုးသွားတယ်
ဝေ့လည်လည် အလေလိုက်တဲ့
ပိုးစုန်းကြူးတသိုက်လည်း ပျောက်နေတယ်
မိုးလည်းမည်း ညလည်းမှောင်တယ်
လျှပ်တချက် လက်ခနဲမှာ
အရိပ်က ငါ့ကို ခြိမ်းချောက်တယ်
ဟော ...
မိုးစက်ပေါက်တို့ ကျလာတယ်
ဒါပေမယ့် ...
ရုပ်သက်သက် လောကသားအတွက်
ထိုးနှက်ချက်တွေ ကုန်လွန်ခဲ့တယ်...။

Tuesday, September 7, 2010

စက်တင်ဘာ

ဒါ စာတပုဒ်ပါ
ကဗျာတပုဒ်လည်း ဖြစ်ချင်ခဲ့တယ်
ဒါပေမယ့် ...
ဆုတောင်းမပြည့်ခဲ့ဘူး။

သူက စက်တင်ဘာ
ကျိန်စာလည်း မဟုတ်ခဲ့ဘူး။
ကျိုးကျိုးနွံနွံ ဆည်းကပ်သလိုနဲ့
ချေး(ဂျီး) တက်နေတဲ့ ၀ိဥာဉ်ဖြူတကောင်
အမှောင်မှာလည်း ပျော်မွေ့တယ် ...

ယောင်နန အတွေးခေါ်တွေနဲ့
ဘေးချော်တဲ့လုပ်ရပ်သူ့အတတ်က
နှလုံးသားတို့ရဲ့ယဇ်ပလ္လင်
ဖြူစင်ခြင်းကို မှော်တွေသွင်းလို့
ခွပ်လက်စမ်းတဲ့ အိမ်ကြက်ငယ် ...

မီးခိုးမှိုင်း သိုင်းခြုံရုံ မထင်နဲ့
အတ္တမြူစိုင်း ရှစ်တိုင်းဝေခဲ့တာ
ဖြစ်စရာရှားလို့ ဒင်းလက်ပါးမှာ
ရုပ်တခြမ်း နာမ်တခြမ်း
ဇာတ်လမ်းသေသလို နာတာရှည်ခဲ့ ...

ကြာခဲ့လေပြီ ...
ဒါပေမယ့် ...

မိုးရေစက်စက် မြေသားထက်မှာ
ရနံ့လက်ကျန် စွဲကျန်သေးတယ်...

အိပ်ဖို့ကြံတိုင်း အိပ်မက်တိုင်းမှာ
ပုံရိပ်ပြန်ဖြစ် ညအရိပ်လင့်တယ်...

အပြင်မှာ ငွေလရောင်နဲ့
အိမ်ထဲမှာ မှောင်မိုက်နေတယ် ... ။ ။

Thursday, September 2, 2010

ပြုတ်ကျသွားသော သပွတ်အူတခွေ

ကောင်လေးငတေ ပေတေတေနှင့်
အကြေရပ်သား စကားများ
နေသွားရာလိုက်ရင်း မိုက်ရင်း
လေတိုက်ရာ လှည့်ဆင်းတတ်သူ။

မျက်နှာမူရာခပ်မဆိပ်နှင့်
လိမ်ညာပုံပြင် အမှန်ဆင်လို့
လိပ်ကိုပုံသွင်း ဂျပိုးနှင်းတဲ့သူ။

ရစ်ပတ်တွယ်ငင် မှော်ဝင်သံစဉ်နှင့်
ပျော်ချင်သူပျော်စေခဲ့
အတော်ကြင်လို့ အတော်ခင်မှ
ခုနှစ်လီကကြိုး ဆယ့်နှစ်ကြိုးနဲ့
ပတ်ပျိုးမပါဘဲ တယောဆွဲတဲ့သူ။

အမှန်တရား ကျိန်ဆိုစကားလို့
မုသားရောချ လိမ်ညာကာမှ
ရောက်ရာနေရပ် အိမ်ထောင်ဖက်ဟု
နောက်ပြောင်စကား စူးရှာသွားသူ။

လှေနံနှစ်ဖက် နင်းနေရက်က
လွတ်ကျခဲ့တဲ့ သပွတ်အူ
ပြန်ကောက်ရခက် ဖျောက်ရခက်... ။ ။

Wednesday, September 1, 2010

အလောင်းအစား

နိုင်မယ်မတွက်ဘဲ ၀င်ရဲခဲ့တဲ့ပွဲ
ကွဲမှာလား ...?
ဆွဲမှာလား ...?
ကျိုးကျိမ်ကျမ်းနင်း ဖြေရှင်းရခက်
ဘူစဉ်ဘေးစိပ်နဲ့
မှေးအိပ်ရခက် ပြေးကျိတ်ခက်
အတွေးတထိတ်ထိတ်မှာ
စိုးစိတ်က တခြမ်းညိသွားတယ်
အဖြေက ၅၀/၅၀
လှုပ်ချီနိမ့်မြင့်ရင်ခွင်မှာ
နှလုံးသားရာသီခွင် ဂြိုလ်စီးလို့
မားမရူဘဲနဲ့ နားထူးနေတယ်
ရေခဲမပေါင်းဘဲနဲ့ အတွေးကောင်းနေတယ်
မဖြစ်နိုင်တဲ့ အတွေးနဲ့
နောက်ဆုံးမှာ ခေါင်းယမ်းသွားတယ်
သူနဲ့ငါ အကြားမှာ
ဝှက်ဖဲကျန်တာ လေးဆယ့်ရှစ်
ဆန္ဒကို ပြန်ကျစ်လိုက်တော့မယ် ... ။ ။

Tuesday, August 31, 2010

ပေါင်းစပ်ခြင်း အနုပညာ

အတိတ်စိမ်းကား တမ်းတမိဆဲ
အနေသက်သက် အဖြေခက်ပြန်
ကျန်ရစ်ခဲ့တဲ့ ... ဒဏ်
တန်မပြန်ချင်ပေမယ့်
အမှန်တရားတခု
အခုမှထွက်ကျလာတာမဟုတ်
ကျုပ် မေ့ဖို့ကြိုးစားခဲ့တာ ...

အမှန်တရားတဲ့လား ...?
ငါ့ကို လိမ်လည်သွားတယ်
သူမ လာလာ မလာလာ
မျှော်မိတာ မျှော်မိယုံလေး ...

ဆွေးလည်းဆွေး ဝေးလည်းဝေး
ဝေးဝေးကနေ ဆွေးမိကာမှ
ဆွေးဆွေးလေးကနေ ဝေးဝေးသွားတယ် ...

ရင်ဘတ်ထဲမှာ မင်းရှိနေရင်
ပိုင်ရှင်မဲ့ ညနေခင်းတွေမှာ
ငါ့ကိုယ်ငါ စေစားနိုင်တယ် ...

ခုတော့ ...
ခပ်ပါးပါး ခပ်ပျော့ပျော့ကနေ
တဆင့်ထပ်လို့ ရောစပ်တတ်နေပြီ...။ ။

Friday, August 27, 2010

မာယာ

တွေးကြည့်မိတယ်
ဒဏ်ရာတွေပြန့်ကျဲ ရင်ခွင်နက်ထဲကနွေ
ပြေပြေလည်လည် ကြေကြေငြိမ်းငြိမ်း
ငါ့အတွက်
ရေလှည့်အခတ်မှာ ယိမ်းတဲ့ဂယက်
လေပွေလိုဆွဲ ရေကိုချဲလို့
ဆွဲခေါ်သွားတယ် ...

မနက်ဖြန်မှာ ကြမ်းခင်းမမှီဘူး။
ဒီနေ့လည်း ကောင်းကင်မရောက်ဘူး။
မနေ့ကတော့ မြေပြင်မှာဒူးမတင်ခဲ့ဘူး။

ဒီလိုနဲ့ ဝေ့လည်လည်အဆွဲမှာ
ဝဲနေတော့တယ် ...
ရွယ်ရာရည်မဲ့ ဦတည်မဲ့နှင့် ... ။ ။

Friday, August 20, 2010

ရဲရဲရင်ဆိုင်


ရှေ့မှာတိုက်ပွဲတွေရှိတယ်...

နောက်မှာလည်း ကျန်ရစ်ခဲ့ကြတယ်...

အခုလည်း တိုက်ပွဲဝင်နေတယ်...


အနိုင်တ၀က် အရှုံးတ၀က်နဲ့

ကြိုမြင်ခက်တဲ့ လောကလှည့်ကွက်

တရက်ပြီးတရက် တက်ရင်းတက်

နောက်ဆုံးရက်မှ မှတ်တိုင်ချည်မယ်...



ရာဇ၀င်မဖြစ်ပေမယ့် သမိုင်းတော့ရေးခဲ့တယ်...

နိုင်ချင်သူ မဟုတ်ပေမယ့် အရှုံးတော့ မုန်းခဲ့တယ်...

ကိုယ်တိုင်ထိုင်ပြီး စိတ်ကလျှောက်နေတယ်...

တနေ့ပြီးတနေ့ ရောင်နီသစ်တို့ကြွေခဲ့တယ်...

မူရင်းများ၏ မိတ္တူ

တကျပ်သားကို ခပ်ပါးပါးချန်
မှန်ပေါ်တင် ဘောင်ဘင်ပြေး၏

အိုင်တီနေ့စွဲ ခပ်မွဲမွဲမှာ
ရော့ရဲရဲနှင့် ရောင်းရင်းမွဲ၏

ပျော့ပျံ့ပျံ့စိတ်ကို “ဟိတ်“ လို့မာန်
ကျန်တဲ့အရိပ်က ငါ့ကိုကန်၏

တိတ်တဆိတ်မှိုင်တွေ ထိုင်နေရင်း
ရက်တို့ပြိုဆင်း နှစ်သို့နင်း၏

နေ့မအိပ် ညမနားစဉ်းစားခန်းဝင်
ရေးရင်သည်က အနှုတ်ပြ၏

ရှုပ်ရသည့်ခန္ဓာ(ကို)ပုံ စိတ်အာရုံနှစ်
သဘာဝစစ်စစ် သူရူးဖြစ်၏

နောက်ဆုံးမှာ ပျောက်ဆုံးစရာလား ...?

ငါမသိတဲ့ နှစ် +++
ငါမသိတဲ့အချစ် +++
ငါမသိတဲ့မြစ် +++
ငါမသိတဲ့ စစ် +++
ငါမသိတဲ့ မြောက်များစွာသောအရာ +++

အတ္တရစ်လို့တိမ်ကိုစွဲ
လျှော့တိလျှော့ရဲ လွှတ်လိုက်တယ်
ကျွတ်ကျဲစရာ မူရင်းစာဖြစ်စေသား ... ။ ။

Friday, July 30, 2010

အလိုက်သင့် စီးမျှောခြင်း

လိုချင်စိတ်တော့ရှိသေးတယ် ...
ရဖို့လည်း ကြိုးစားခဲ့ဖူးတယ် ...
အကြိမ်ကြိမ် ++
အခါခါ ++
နေတာကြာလာမှ သေချာမှုတခုညိတယ် ...
အမှန်လို့ထင်ရတာ သိတယ် ...
ဖြစ်ပျက်ခဲ့မှုတွေ ရှိတယ် ...
အကြောင်းစစ်လို့လည်း အကျိုးဖြစ်ခဲ့တယ် ...
သမုဒ္ဒယတမျှင်နဲ့
ဘ၀ကို ...
ထာဝစဉ် မချည်နှောင်ချင်တော့ပါဘူး။
မကြင်နာသူ စိမ်းလိုကစိမ်း
လေအသင့်လိုက်ကာ ယိမ်းတော့မယ်...။ ။
***R.I.P *** 12.05.2012 ***ငြိမ်းချမ်းကြပါစေ ...