Monday, April 23, 2012

ဖိနပ်တဖက်

ဖိနပ်တဖက် ကြိုးစထွက်နေတယ်
ဖိနပ်တဖက် အောက်ခံပဲ့နေတယ်
ဖိနပ်တဖက် အရောင်လွင့်နေတယ်
ဖိနပ်တဖက် သက်တမ်းကုန်တော့မယ် ...

ဖိနပ်တဖက်မှာ ဘုံဆတိုးကိန်းမရှိဘူး
ဒြပ်စင်မဟုတ်သလို ဓါတ်ခွဲဖို့မလိုဘူး
အနင်းခံရပေမယ့် ငြင်းဆန်ခွင့်မရှိဘူး
နွေ... မိုး ... ဆောင်းနဲ့ မျှော်လင့်ချက်မရှိဘူး
တောလမ်း တောင်လမ်း ခွဲခြားစိတ်မရှိဘူး
တိုက်ပွဲကို ရှောင်လွှဲစိတ်မရှိဘူး
အခင့်အလို ငြိုငြင်ခွင့်မရှိဘူး ...

ဖိနပ်တဖက် +++
လင်းလက်တောက်ပစွာ
ကျယ်လောင်မြည်ဟည်းစွာ
ပြင်းထန်ပေါက်ကွဲစွာနဲ့
နှုတ်ဆက်ထွက်ခွာသွားတယ် ...

ဖိနပ်တဖက်
အစိမ်းရင့်ရင့် ကမ္ဘာမှာ
ရင်ကိုစွင့်ပြီး ရပ်ခဲ့တယ်
ယုံကြည်စွာ လျှောက်ခဲ့တယ်
အောင်မြင်မှုတွေ သယ်ခဲ့တယ်
တောနဲ့တောင်ကို လှေကားဟန်ပြု
အဆင့်တခုထိ ဂုဏ်ဝင့်ခဲ့တယ် ...

အခုမှ
ဖိနပ်တဖက် နားရက်ရသွားတယ်
မျက်နှာကျက်က ပန်ကာအိုနဲ့
မျက်ကွင်းညိုတို့ ညိတွယ်နေတယ်
ဂရုဏာနဲ့ မျက်ဝန်းတွေအကြား
ယုံကြည်ချက်တွေ ကျွမ်းလောင်နေတယ် ...

တချိန်က
ငါ့တန်း ငါ့လမ်း ငါ့စခန်းနဲ့
ငါရဲဝင့်လို့ ငါ့မာန်ချီခဲ့
မငိုလင့်နဲ့ ဖိနပ်လေးရေ ...

မင်း အတွက် ...
ငါဆိုတဲ့ သခင်
ငါ့ အတွက် ...
ငါ့ရဲ့ အရှင်
ငါ ... အသက်ရှင်နေသေးရဲ့
နှုတ်ဆိတ်စွာ ရင်ခြင်းထပ်
အနာဂတ်ရက်တွေ ကြေကွဲစွာနဲ့
လွတ်လပ်ခွင့်တခု ပြုလိုက်တယ် ...

သင်သွားလိုရာ သွားနိုင်တယ် ... ။      ။

No comments:

***R.I.P *** 12.05.2012 ***ငြိမ်းချမ်းကြပါစေ ...