Showing posts with label narrative essay. Show all posts
Showing posts with label narrative essay. Show all posts

Friday, August 20, 2010

ထမင်းဝိုင်း

သား ။ ။ မေမေ သားကြက်ဥကြော်နဲ့ စားချင်တယ် ...

မိခင် ။ ။ သားကလိမ္မာပါတယ်နော်။ မေမေ ထမင်းကို ဆီဆမ်းပြီး ဆားလေးဖြူးထားတယ်လေ။

သား ။ ။ ဟင့်အင်း။ သားက ကြက်ဥကြော်နဲ့ စားချင်တာ ...

မိခင် ။ ။ သားလေး ... ဟိုးကောင်းကင်ပေါ်ကို ကြည့်လိုက်စမ်း။ ဖိုးလမင်းကြီးတွေ့လား ...။

သား ။ ။ ဟုတ်ကဲ့မေမေ။ ဖိုးလမင်းကြီးက ၀ိုင်းနေတာဘဲနော်...

မိခင် ။ ။ ဖိုးလမင်းကြီးရေ ထမင်းဆီဆမ်း ရွှေလင်ပန်းနဲ့ သားလေးကိုကြွေးပါ ... +++ ကဲ ... သားစားလို့ ကောင်းလား ...။

သား ။ ။ကောင်းတယ်နော် မေမေ လမင်းကြီးက ချစ်ဖို့ကောင်းတယ် ...

မိခင် ။ ။ ဒါပေါ့ သားကလည်းလိမ္မာပါတယ် ...။



ဒီလိုနဲ့ သားအမိနှစ်ယောက်ရဲ့ ထမင်းဝိုင်းလေး လှပစွာ ပြီးဆုံးသွားတော့တယ်။ ဒါပေမယ့် ထမင်းဝိုင်းရဲ့ တထောင့်တနေရာက ဇာတ်လမ်းစခဲ့ပြန်တယ်...



စောင့်ဆိုင်းနေတဲ့ ကြွက်မိသားစုလေးအတွက်ကတော့ ဆီမနိုင်လို့ အပေါ်ယံတင်းနေတဲ့ ထမင်းစေ့ အချို့က တခဏတာနှစ်သိမ့်နိုင်ပေမယ့်... အသိုက်ပြောင်းဖို့ ဆုံးဖြတ်ချက်ကို ခိုင်မာသွားစေတော့တယ်...။



ကြွက်ကလေးက စကားတခွန်းပြောသွားတယ်...

"ပုံပြင်လေးက ဘ၀ပါ" တဲ့လေ ... 

Wednesday, June 2, 2010

ရင်မှအိပ်မက် အမှန်ဖြစ်ခဲ့လျှင်

အိပ်မက်ကြောင့် မျှော်လင့်ချက်ဖြစ်ပေါ်လေသလား။ သို့မဟုတ် မျှော်လင့်ချက်ကြောင့် အိပ်မက်တွေ ဖြစ်ပေါ်လေသလား။ အတွေးနှစ်စ နှင့် ပါတ်ချာလည်တိုင်ပတ်မိ၏။ ရေးကြီးခွင်ကျယ်လုပ်လို့ ရှုပ်ခြင်းတမျိုးဖြစ်ပေလိမ့်မည် ထင်ပါ၏။

ဒါနဲ့ အိပ်မက်ကို စဉ်းစားကြည့်ခဲ့တယ်။ သာမာန်လိုပါဘဲ ကျနော့်မှာ သတိမဲ့အိပ်မက်တချို့ နဲ့ သိတ၀က် အိပ်မက်အချို့ကို ပိုင်ဆိုင်ဖူးခဲ့တယ်။

အသိမဲ့ အိပ်မက်တွေကြောင့် ကယောင်ချောက်ခြား ညတွေ၊ အိပ်ရာမှလန့်နိုးမှုတွေ နဲ့ အိပ်ချိန်များများယူပြီး အိပ်ရေးမ၀မှုတွေ အကြိမ်ကြိမ် ခံစားရဖူးပါတယ်။

အသိတ၀က်အိပ်မက်တွေကြောင့် ပျော်ရွင်ရင်း ၀မ်းနည်း၊ ငိုကြွေးရင်း ရယ်မော၊ ဆန္ဒတ၀က် ပျက်တ၀က်နဲ့ ရင်မောခဲ့ရတာလည်း အကြိမ်ကြိမ် ခံစားရဖူးပါတယ်။

ဒါနဲ့ မျှော်လင့်ချက်ကို တခါပြန်စဉ်းစားမိတယ်။ သာမန်မျှပါဘဲ။ ကျနော့်မှာလည်း မပြည့်နိုင်တဲ့ မျှော်လင့်ချက် တနင့်တပိုးကြီးပိုင်ဆိုင်ခဲ့ပါတယ်။

လူရယ်လို့ အပူကပ်မိတဲကအချိန်ကစပြီး ကျနော့်မှာ မျှော်လင့်ချက်တွေ တစ၊ တစ စုဆောင်းရင်း တောင်လိုပုံခဲ့ရပါတယ်။

စားတတ်တယ်ဆိုတဲ့ အချိန်မှာစပြီး ကျနော်ဟာ ဆာလောင်မွတ်သိပ်မှုနဲ့ အစားအသောက်ရဲ့ အရသာကို မျှော်လင့်နေတတ်ခဲ့တယ်။

ဝတ်ရမယ် ဆိုတာ သိခဲ့တဲ့အချိန်ကစပြီး ကျနော်ဟာ ခံစားချက်ပေါ်မူတည်ပြီး အပြောင်းအလဲတချို့ကို မျှော်လင့်နေတတ်ခဲ့တယ်။

နေဖို့ဘ၀ ပါတ်ဝန်းကျင်ဆိုတဲ့ ရတည်မှုခြေဖထာက်အစုံကို နားလည်လာခဲ့ရတဲ့တနေ့မှာလည်း ဘ၀နေထိုင်မှုအပေါ် မျှော်လင့်ချက်ထားတတ်လာခဲ့တယ်။

" စား၊ ၀တ်၊ နေ " ဆိုတဲ့ အနေအထားလောက် အရေးမကြီးခဲ့ပေမယ့် ဘာမဆို ဖြစ်ချင်စိတ် ဆန္ဒကြောင့်ဖြစ်ပေါ်လာတဲ့ မျှော်လင့်ချက်တွေကလည်း တနေ့ထက်တနေ့များလာခဲ့ပါတယ်။

မျှော်လင့်ချက်တွေ များသထက်များလာခဲ့သလို ကျနော့်မှာလည်း မျှော်လင့်သလို ဖြစ်မလာခဲ့တဲ့ ဆုံးရှုံးမှုတွေ များပြားလာခဲ့ပါတယ်။

ဒီလိုနဲ့ အတွေးသေးသေးလေးထဲမှာ လုံးထွေးရင်း နိုးတ၀က်အိပ်မက်တခု မက်ဖြစ်တယ်။ အသိစိတ်ရဲ့ မျှော်လင့်ချက်က ဖြစ်တည်မှု ကို အပြည့်အ၀ထောက်ခံခဲ့တယ်။ မသိစိတ်ရဲ့ ကြောင့်ကြမှုက ပျက်စီးမှုကို အပြည့်အ၀ထောက်ခံခဲ့တယ်။ နိုးတ၀က်အိပ်မက်ရဲ့ အားပြိုင်မှုအကြားမှာ ကျနော် ဒုတိယမျှော်လင့်ချက်နဲ့ ရင်းနှီးမှုရသွားတယ်။

နောက်ဆုံးမှာ ကျနော့်အိပ်မက်တွေ တကယ်ဖြစ်လာတော့တယ်။ အဓိက မျှော်လင့်ချက်တိုင်းမှာ ဒုတိယမျှော်လင့်ချက်ထားတတ်လာပြီး၊ ဒုတိယမျှော်လင့်ချက် တိုင်းဟာ အဓိကမျှော်လင့်ချက်ကို အစားထိုးနေရာယူလာနိုင်တယ်။ ဒီလိုနဲ့ ဒုတိယမျှော်လင့်ချက်ကို ထပ်မံရှာဖွေတတ်လာတယ်။

အရှုံးတွေ မျှော်လင့်ချက်မဲ့ပြီး၊ အိပ်မက်တွေ အသက်ဝင်ခဲ့ကြတယ်။

Wednesday, May 19, 2010

သူမ နှင့် ကျနော်

သူမက မိန်းကလေးတယောက်ဖြစ်ပြီး၊ ကျနော်က ယောင်္ကျားလေးတယောက်ဖြစ်တယ်။

သူမရဲ့ ဘ၀နေထိုင်မှုကသာယာပြီး၊ ကျနော်က ကြုံသလို ရင်ဆိုင်တိုက်ခိုက်နေရခြင်းကို သာယာနေတတ်သူဖြစ်တယ်။

သူမမှာ သာမာန်ထက်ပိုတဲ့ ဂုဏ်သိက္ခာ ၊ ပညာ နဲ့ လူတယောက်ကို စေစားနိုင်စွမ်းရှိပြီး၊ ကျနော်က သာမာန်ထက်ပိုတဲ့ ဆိုးသွမ်းပေတေခြင်း၊ လေလွင့်ခြင်း နဲ့ သူမရဲ့ ဆန္ဒအတိုင်း လှိုင်းရိုက်နေ၀ံ့တဲ့သူ ဖြစ်တယ်။

သူမက သင်္ကြန်နဲ့ ပိတောက်ကို လွမ်းတတ်သူဖြစ်ပြီး၊ ကျနော်က ပိတောက်တပြည့်နဲ့ ဆန္ဒဖြည့်ပေးချင်သူဖြစ်တယ်။

သူမက စိတ်ရှုပ်တိုင်း ငြိမ်သက်စွာ ခံစားတတ်သူဖြစ်ပြီး၊ ကျနော်က လေလှိုင်းသံမျှနှင့် သူမစိတ်ညစ်တာကို နားလည်နိုင်သူဖြစ်တယ်။

သူမက ကျနော့်ကို ဖုန်း တကြိမ်... နှစ်ကြိမ်လောက် ခေါ်ဖူးပြီး၊ ကျနော်က သူမဖုန်းခေါ်သံကို အကြိမ်ကြိမ် မျှော်လင့်မိသူဖြစ်တယ်။

သူမက ကျနော့်ကို ခရီးဝေးတခုသွားဖို့ တခါခေါ်ဘူးပြီး၊ ကျနော်က (ဆန္ဒရှိလျှက်) မလိုက်နိုင်ခဲ့သူ၊ မလိုက်ဝံ့ခဲ့သူဖြစ်တယ်။

သူမက ကျနော့်ကို လွမ်းတယ်လို့ ရှားရှားပါးပါး တကြိမ်၊ တခါတည်း ပြောဖူးပြီး၊ ကျနော်က သူမကို အကြိမ်ကြိမ်၊ အခါခါ ပြောဖူးသူဖြစ်တယ်။

ဘာကြောင့်လဲ...? လို့ မသိခဲ့ရပါဘူး။

တနေ့မှာ သူမ ကျနော့်ကို နှုတ်ဆက်ခဲ့တယ်။ သီချင်းလေးတပုဒ်နဲ့အတူ နှုတ်ဆက်ခဲ့တယ်။ ကျနော်ကတော့ သူမကို ပြန်နှုတ်မဆက်ဝံ့ဘူး။ သီချင်းလေးကိုတော့ အကြိမ်ကြိမ် နားထောင်ပြီး အိပ်မက်တခုနဲ့ ရှင်သန်ခဲ့သူဖြစ်တယ်။

လူသားတို့ရဲ့ ရှင်သန်မှုဘ၀၊ အတွေးအခေါ်နဲ့ တိုက်ပွဲတွေကို သူမ နဲ့ ကျနော့်အကြားမှာ ဇယားမချကြပါဘဲနဲ့ ဝေးသွားခဲ့ကြတယ်။ သူမက ကျနော်နဲ့ မဝေးခဲ့ပါဘူး၊ ဒါပေမယ့်လည်း ကျနော်က သူမနဲ့ မနီးခဲ့ပါဘူး။

မေ့ပျောက်ချင်တဲ့ သူမရဲ့စိတ်တံခါးကို ကျနော်အကြိမ်ကြိမ် သွားခေါက်ချင်ပေမယ့်၊ ကျနော့်ရဲ့ အဲဒီစိတ်ကို သူမအရိပ်က ပျောက်ရှစေခဲ့တယ်။

တကယ်ဆို သူမနဲ့ ကျနော် ဒီဘ၀၊ ဒီတသက်မှာ တကြိမ်တခါဘဲ ဆုံဘူးတယ်လေ...။ သံမဏိမိန်းမသား မွေးဖွားခဲ့တဲ့ နေ့တနေ့မှာပေါ့။ မေ့ဖို့တော့မလွယ်ဘူး ထင်ရဲ့နော်... ။ ။
***R.I.P *** 12.05.2012 ***ငြိမ်းချမ်းကြပါစေ ...