Saturday, March 14, 2009

အရောင်လွင့်သွားတဲ့ သမိုင်းစာမျက်နှာ

တုပခြင်း ၀ိဥာဉ်တစုံနဲ့ ရင်ခုန်ခြင်းစစ်တမ်းမှာ
နင်လှမ်းသွားရင်း လွတ်ကျခဲ့တဲ့အမှန်တရား
ဝေးကွာသွားမှ တမ်းတ
အမှားမကင်းတဲ့ ငါ့အတွက်
"ဇ" ရှိတဲ့ ဘ၀ရဲ့ သင်ခန်းစာ
ရင်ခုန်သံကို စာစဉ်တပ်လို့
ရေးမှတ်ခဲ့တဲ့ မှတ်တမ်းရှည်
ခေါင်းစဉ်မလွင့် စာသားရင့်ထဲ
မြူမှုန်ကင်းတဲ့ စာမျက်နှာမှာ ချစ်တယ်ဆိုတဲ့စကား၊
မင်းပြောခဲ့တဲ့ အမှန်တရားတ၀က်၊
အမှတ်သညာတွင်ယုံ နာမ တစုံထက်
ပိုမိုရေးမှတ်ခွင့်မရခဲ့တဲ့
မင်းရဲ့ အရိပ်
တသက်၊ တကြိမ်၊ တခဏမှ
တွေ့ဆုံကြုံခွင့်ရခဲ့ကြတာပါ...။

မျက်နှာသာမပေးတဲ့ ကံကြမ္မာရေးတဲ့ဇာတ်မှာ
လွမ်းရက်ရှည်တယ်ဆိုရအောင်
ငါတို့ဘ၀မှာ
ဇာတ်ပေါင်းခန်းမှ မပါဘဲ...
လွမ်းရင်း၊ တွေးရင်း၊ ဆွေးရင်း လွင့်မျောရင်းနဲ့
နှင်းမကျတဲ့ ခရစ္စမတ်ညမှာ
ရေခဲပွင့် မာရှီမှိုင်းနဲ့ ဖန်စီဒိုင်းရဲ့ ရက်စွဲ
ရပ်တန့်ခွင့် ဖန်ဆင်းပေးခဲ့တဲ့
ကြမ္မာမဟုတ်တဲ့ ဆရာက
မင်း ဖြစ်ခဲ့တယ် ...
ဆန္ဒဆိုးကို ကြိုးတုပ် မိုးချုပ်ခဲ့တဲ့ညတွေ
အခုတော့
ယုံကြည်ချက်နဲ့ အရောင်လက်
ငါ့လက်တွေ သွေးလည်ပါတ်ခဲ့ ပြီ...

ဒီလိုနဲ့ ...
အရင်းနှီးဆုံး အပွင့်လင်းဆုံး
အမှန်တရားရဲ့ စေနှင်ရာလမ်းဆုံးမှာ
တချိန်က ကြုံဆုံခဲ့ကြတယ်...
ယုံကြည်ချက် ကိုယ်စီ
ပြိုင်ဆိုင်ခြင်း မမည်တဲ့ဆန္ဒ
ကျောချင်းကပ် အဝေးထွက်ဖို့
ဆုံးဖြတ်ခဲ့ကြတယ်...

မင်းရယ်...
ငါရယ်...
ခရစ္စမတ်ရယ်...
နိုဗယ်ရဲ့ ညနေခင်းမှာ
ရေဆေးပန်းချီ တချပ် မိုးစက်မှန်ခဲ့တယ်...
ရင်မှာ အိပ်မက်ကျန်ခဲ့တယ်...။ ။

No comments:

***R.I.P *** 12.05.2012 ***ငြိမ်းချမ်းကြပါစေ ...